2010
03.01

ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်း ကျောင်းသားကျောင်းသူများ ကောင်းမှု။
အဖူးအငုံ၊ ပွင့်ရုံ ပွင့်ချပ်
ပွင့်ဖတ်ညှိုးရော်၊ သော်ကဇီဇဝါ
စကြာ၊ ပုဏ္ဍရိတ်၊ သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့ သူ့အတွက်လေ။
ဖိနပ်မဲ့ ခြေဖဝါး၊ မေးခိုင်ပိုးစားခြင်း
ထင်းရှူးသားသေတ္တာ၊ လဲလျောင်းစရာ။
သွားပေဦးတော့ကွယ်
ဘုန်းကြီးအိုတစ်ပါးထံ၊ ဝတ္ထုငွေငါးကျပ်နှံအပ်
သရဏဂုံဆည်းကပ်လေ၊ ကောင်းရာဘုံဘဝရောက်
ပါစေ။
အမိကိုကူ၊ အဖကိုကူ
အပူမျှယူ၊ ခဲတံမဲ့သူ
စာအုပ်မဲ့သူ၊ မုန့်ဖိုးမဲ့သူ
အလှူငွေမထည့်နိုင်သူ
အပူအားလုံး ငြိမ်းပေါ့။
သေတ္တာဖုံးရိုက်ပိတ်၊ လျှာအဆိပ်သင့်
ရင်နင့်နေခိုက်၊ ရှိုက်သံတစ်ချက်…တစ်ချက်
“သံစူးသတဲ့ တော်တို့ရေ”
အကြော်သည် အမေ မြေလူးလေရဲ့။
စာသင်ခန်းမ၊ နောက်ဆုံးကခုံနေရာ
လစ်ဟာနေမှာ
ကျောင်းခေါ်ချိန်စာရင်း
မင်းနာမည် ကျော်ဖတ်ရတော့မှာ…
လေ့ကျင့်ခန်းစာအုပ်
တစ်အုပ်လျော့သွားမှာ…
ခုံပေါ်မတ်မတ်၊ ရပ်ရမယ့်ပြစ်ဒဏ်
မင်းဝိညာဉ် မခံစားစေတော့
သင်သွားလိုရာ သွားနိုင်သည်
မကြားဝံ့ဝံ့၊ နှုတ်ဆွံ့ရှိုက်ငင်
တစပြင်အထွက် နှောင့်ယှက်ဆဲအသံတွေ
မနက်ဖြန်မနက်၊ ကျောင်းအတက်မှာ
ဆရာမလက်၊ ခေါင်းလောင်း အထိုးခက်ပေလိမ့် ။ ။

မအိ
တေးကဗျာ (သြဂုတ်၊၀၂၊ ကျောက်ထက်အက္ခရာများ ဆောင်းပါးမှ)

2010
02.17

မိုးရွာတယ် နေပူတယ် ဒီလိုပဲ တစ်လှည့်စီ
ဒီအတိုင်း နေခဲ့ရင်ကောင်းသား ပြောတော့
လိင်မခွဲခြားရဘူး၊ ကျောသားရင်သား မခွဲခြားရဘူး
ခက်တာက မီးပွိုင့်တွေတောင် သရိုးသရီ ဖြစ်နေမှတော့
ငါ့စကားလဲ ဘယ်တာသွားတော့မလဲ ယွန်းပိုးဖြူ
မြူတွေဆိုင်းနေပြီ ဟုတ်လား၊ အေး ဒီမှာတော့ နွေရာသီ
ငါ့မှာတော့ တိုရေရှားရေပဲ မင်းကောဘယ့်နှယ်လဲ
မေ့ဖို့အချိန်တွေ လုံလုံလောက်လောက်ပဲလား
ဒီလိုပဲ သိမ်သိမ်ငယ်ငယ် ဥခွံပါးပါး
အမှုမဲ့အမှတ်မဲ့မှုတွေ တောင်ပုံရာပုံ
မင်း တစ်ရက်တစ်ရက် ချဉ်ငန်စပ် မစားဘဲ မနေနိုင်သလို
ငါလဲ တစ်ရက်တစ်ရက် မောင်ချောနွယ်မဖတ်ဘဲ ဘယ်နေနိုင်ပါ့မလဲ
ခက်တာက ဝထကလသ ကတည်းက အသံထွက်မှားခဲ့ကြ
ဒီအချိန်ကျမှ အုတ်မြစ်ကို အဘယ်ပုံအဘယ်နည်း
ဘယ်သူတွေ ဘယ်လို မြင်သလဲ ပြောစမ်းပါ
လိင်မှုရေးရာ
အပြာစာအုပ်တွေဟာ လူကြိုက်များမယ် မဟုတ်လားကွာ
ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်
ထုံးရယ် သဲရယ် ဘိလပ်မြေရယ်
ဒီလို ဖော်မြူလာအတိအကျ ဘယ်ရှိမလဲ
မင်းလဲ မင်းနည်း ငါလဲ ငါ့ဟန်နဲ့
ကိုယ့်သွေးသားကိုယ် အဖုံဖုံအနည်းနည်း ဖြေကြဖျောက်ကြရုံ
ဘယ်လိုလဲ ဒီလိုပြောတော့ ရိုင်းလား ဒါမှမဟုတ် စက်ဆုပ်ဖွယ်ရာလား
လောင်စာရှိသမျှ လောင်ကျွမ်းရမှာပဲ
ခက်တာက တို့တွေ ဘယ်နေ့နီးမှာလဲ ။ ။

ညိုထက်ညို

2010
02.13

ကဗျာဆရာ ကဗျာရေးတာအပြစ်လားဗျာ။
ချစ်သူတွေအကြောင်း ရေးတဲ့ကဗျာဆရာ
ပြည်သူတွေအကြောင်း ရေးတဲ့ကဗျာဆရာ
ဧရာဝတီအကြောင်း ရေးတဲ့ကဗျာဆရာ
HIV အကြောင်း ရေးတဲ့ကဗျာဆရာ
ဘ၀မှန်တွေအကြောင်း ရေးတဲ့ကဗျာဆရာ
ဇော်ဂျီအကြောင်း မင်းသုဝဏ်အကြောင်း
ပြည့်တန်ဆာအကြောင်း စူပါမင်းသမီးအကြောင်း
အကြောင်းအရာတွေစုံ မကုန်သေးလို့
ရူးမူးသူအကြောင်းလည်း ရေးလိုက်မိတယ်။

ကဗျာဆရာကို လွှတ်ပေးလိုက်ပါဗျာ။
သူ့ကဗျာအရဆို ငါတို့တွေလည်း
“ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပြီး
ဖွဖွလေးဘဲ လွမ်းကြရအောင်”
လား။

(မလွတ်မြောက်နိုင်သေးသော ဆရာ စောဝေ သို့)

ဆရာစောဝေအတွက် ကဗျာရွက်ပွဲကို
လန်ဒန်မှာ ဖေဖော်ဝါရီ ၁၄ရက်မှာ ကျင်းပပါမယ်။
တက်ရောက်လိုသူများ ဒီမှာ ကြည့်ပါ။

2010
02.13

ငါ့စိတ်အောက်မှာ ငါ ပိနေတာလား၊ ငါ့အောက်မှာ
ငါ့စိတ် ပိနေတာလား၊ ငါရောငါ့စိတ်ရော တစ်ခုခုအောက်မှာ
ပိနေတာလား၊ ပိတော့ပိနေပြီ၊ ငါ့ကို ဆွဲထုတ်လိုက်တော့
အသက်ပါမလာဘူး၊ ငါဟာလည်း မမှတ်မိလောက်အောင်
ပြားနေလို့။ ငါ့မျက်လုံး အပြား၊ ငါ့ပါးစပ် အပြား၊ ငါ့နား
အပြား၊ အဲသည်မှာ ငါ့အိပ်မက်ဆုံးပြီး ငါလန့်နိုးတော့
တာပဲ၊ ငါ ငြိမ်ငြိမ်လေး ဆက်အိပ်နေပေမယ့် ငါ့စိတ်တွေ
မငြိမ်ဘူး၊ ငါအိပ်နေတုန်း ခြင်ထောင် ပြုတ်ကျလာမှာပဲ
ကြောက်နေတယ်၊ ခြင်ထောင်အောက်မှာ ငါပိနေရင်
ဘယ်လိုလုပ်မလဲ၊ ခြင်ထောင်ဖြုတ်အိပ်မှ ဖြစ်မယ်၊ ခြင်ထောင်
ဖြုတ်ဖို့ ကုတင်ပေါ်ကအဆင်း ငြိမ်ငြိမ်လေး ဝပ်နေတဲ့ကြောင်
ကို တက်နင်းတယ်၊ ငြိမ်ငြိမ်လေး ဝပ်နေတဲ့ကြောင်လည်း
ကြွက်ချောင်းနေတာ ထင်ပါရဲ့၊ ငြိမ်ငြိမ်လေး ဝပ်နေတဲ့ကြောင်
ပြားများပြားသွားပြီလား၊ ဖယောင်းတိုင် ထွန်းပြီးကြည့်တော့
ငြိမ်ငြိမ်လေး ဝပ်နေတဲ့ ကြောင်ကို မတွေ့ဘူး၊ စာအုပ်တစ်အုပ်
ကိုပဲတွေ့တယ်၊ ကမ္ဘာကြီး ပြားပြီဆိုလား၊ ဘယ်သူဖိလိုက်
တာလဲ ။ ။

မင်းထင်ကိုကိုကြီး
ပိတောက်ပွင့်သစ်၊ စက်တင်ဘာ ၀၇

2010
02.05

DSC00457

သမီးရေ
မင်းကိုပေးဖို့
ကဗျာကလွဲလို့ ဘာမှမရှိဘူး
ရောက်ရာအရပ်က ခွင့်လွှတ်ပါ
ဒီကဗျာ ရေမှာရေးပါတယ် ။ ။

5.2.2010 တွင် ကွယ်လွန်သွားသော သမီးလေးသို့…..

ညိုထက်ညို