2009
12.21

မိုးဟေကို တွေလာနေပြီ

ကုန်သည်လေတွေ တိုက်တဲ့အခါ
သင်္ဘောကြီးက ထွက်တော့မှာ
သရက်သီးတွေ ချဉ်တုန်းပဲ
ဂျလေဘီတွေ ချိုတုန်းပဲ
ငယ်တုန်းက
ငယ်တုန်းက အနမ်းတွေနဲ့
နှုတ်ခမ်းတလန် ပန်းတလန်တွေနဲ့
စကားအရာ ပျားသကာတွေနဲ့
မပီကလာ ပီကလာ
အမည်သညာ ခေါ်စရာတွေနဲ့
ပန်းတွေနဲ့ ပန်းတွေနဲ့
ညိုထက်ညို ဆန်သွားတာတွေနဲ့
ရှက်တယ်ကွာ မီးပိတ်လိုက်ပါ တွေနဲ့
အစ်ကိုရေ မြန်မြန်မောင်းပေးပါ
ကျွန်တော်မလာတာ နှစ်လကြာနေပြီ တွေနဲ့
အရိုးပေါ် အရေတင်ကြည့်ပြီး
ကဗျာချည်း ကျန်ခဲ့တာတွေနဲ့
ခြေတစ်လှမ်း ကုဋေတစ်သန်းတွေနဲ့
အသည်းနာ အသည်းခိုက် နေလောင်ကျပ်တိုက်တွေနဲ့
ထိုသို့ ထင်မြင်ယူဆ မိပါ၍
ဤသို့ ကျွန်တော် ပြုလုပ်ခဲ့ပါသည် တွေနဲ့
ကိုယ့်ဖိနပ်ကိုယ် မှားစီးခဲ့တာတွေနဲ့
အိုးလေးလှုပ်ပါဟေ့ ဆိုပြီး
အိုးကြီး လှုပ်ပြတာတွေနဲ့
ခုမေးမယ် အဲဒါဘူလေးလဲ တွေနဲ့
လောကသုံးပါးစလုံးမှာ
ဟောဒီကောင်ဟာ
မင်းခန္ဓာငါးပါး စလုံးကို ချစ်တုန်းပဲ
မိုးတွေလာနေပြီ
မိုးတွေရွာနေပြီ
ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး
ဟုန်းဟုန်းထ
တစ်စစီ တောက်ပကျွမ်းလောင်ပြလိုက်တယ်
အနာဂတ်မှာ အနားကပ်မှာ အနားသတ်မှာ
ဟောဒီ ညိုမောင်းတဲ့ အသွေးအရောင်တွေကြားမှာ
တစ်ပင်မထူမီ တစ်ပင်လှဲသင့်တာပေါ့ကွာ ။ ။

ညိုထက်ညို

  1. မှန်တယ်နော်.. တစ်ပင်မထူခင် တစ်ပင်လှဲသင့်တယ်…. မှန်လိုက်တာ..

  2. မင်း ခန္တာငါးပါးစလုံးကို ချစ်တုန်းပဲ .. တဲ့
း) …

  3. ကဗျာလေး တစ်ပုဒ်လုံးကို ခြုံပြီး အတော်လေး ပြုံးမိသွားပါတယ်..။
    သရော်သံဆန်ဆန်လေးနဲ့ ရေးဖွဲ့ထားတာမို့ သဘောကျမိတာပါ..။

    ခင်မင်ခြင်းများစွာဖြင့်…

  4. မိုက်တယ်ဗျို့…
    မင်း ခန္တာငါးပါးစလုံးကို ချစ်တုန်းပဲ .. တဲ့…. သဘောကျမိတယ်.. :)

  5. မိုက်တယ် အကိုညိုထက်ညို ပက်ပက်စက်စက်ကို ကြိုက်တယ်
    အကို့ အရေးအသားမှာ မြှားတွေပါတယ်

  6. ဟုတ်တယ် ခုရှုပ်မှနောင်ရှင်း အရင်ဆုံးပင်ကို အရင်ရှင်းထားရမှာပါနော့် ကျူပင်ခုတ် ကျူုငုတ်မကျန်စေနဲ့ဆိုတာ ဒီကစတာဖြစ်မယ် :P

  7. ခင်ဗျားရဲ့ ဆွဲဆောင်နည်းက တော်တော်ကြောက်ဖို့ကောင်းတယ်။ ဘယ်သူ သင်ပေးတာာလဲ ကိုယ့်လူ။