2010
01.27

အမှောင်ထဲ
ဝုန်းခနဲ လန့်နိုးတဲ့ အခါတိုင်း
ငါ့ဖြစ်တည်မှုကို ငါသံသယရှိ
ငါ အိပ်ပျော်နေခိုက်
ငါ့အသက်ဓာတ်ကို ခုတ်မောင်းနေတာ
ဘယ်သူလဲ
ငါ နိုးလာတဲ့အခါ
ငါ့စိတ်ကို ကြိုးကျစ်နေတာ
ဘယ်သူလဲ
အိပ်စက်ခြင်းဟာ တွင်းနက်ကြီးတစ်ခုပဲ
တိတ်ဆိတ်မှုရဲ့ ဗုံသံတွေကြား စမ်းတဝါးဝါး
တွင်းနှုတ်ခမ်းမှာ လိပ်ပြာလို လွင့်နေတာ
ငါလား၊ ငါ့စိတ်လား၊ ငါ့ခန္ဓာလား
အိပ်စက်ခြင်းဟာ ဘီလူးစောင့်တဲ့ နတ်ရေကန်ပဲ
အိပ်မက်တွေ ရေစက်လက်နဲ့ ကန်ထဲကတက်လာ
ငါ့ကိုဆွဲခေါ်တယ်
ငါပြုခဲ့ဖူးသော စိတ္တဇနာမ်များ
ငါဖန်တီးခဲ့သော မရှိခြင်း၏ ဒြပ်သားကြားခံနယ်များ
ငါတပ်ဆင်ခဲ့သော ကံ၊ ကံ၏အကျိုးများ
ငါစောင့်ထိန်းခဲ့သော အချိန်ကာလ၏ လျှို့ဝှက်ချက်များ
တစ်လွှာပြီး တစ်လွှာချွတ်ချ
စိတ်ဟာ အတွင်းသားသက်သက်ချည့်
ကန်ထဲခုန်ချဖို့ ကြံစည်တယ်
ငါ့သိမှုဟာ ငါ့ရှိမှုရဲ့ အသီးအပွင့်ဆိုတာ
ဒီအချိန်မှာ အသေချာဆုံးပဲ
ခြင်ထောင်အမိုးဟာ တဖြည်းဖြည်း နိမ့်ကျလာ
ငါ့အသက်ရှူသံဟာ ငါ့သံသရာရဲ့ ရေသောက်မြစ်ဆိုတာ
ဒီအချိန်မှာ အရှင်းလင်းဆုံးပဲ
ခြင်ထောင်အမိုးဟာ တဖြည်းဖြည်း ဝေးကွာသွား
အဲဒီအခိုက်
သိစိတ်နဲ့ မသိစိတ်တို့ဟာ
အချင်းချင်းပန်းကုံး စွပ်နေရာက
ပင်လယ်နဲ့ လှိုင်းလုံးလို ကမ်းစပ်မှာ ဝုန်းခနဲ ကွဲကွာသွားတော့တယ် ။ ။

မောင်ရှင်စော (တေးကဗျာ၊အောက်တိုဘာ ၀၇ )

Comments are closed.