2008
12.07

ငယ်ငယ်ကတည်းက မောင်သင်္ကြန်တို့ တီဗီဂိမ်း သိပ်ကြိုက်တာကလား။ ပထမဆုံး ဆော့ဖူးတဲ့ဂိမ်းက DonkeyKong ။ သူဌေးသား သူငယ်ချင်း တစ်ယောက် ဂိမ်းစက်ကလေး ကျောင်းယူလာကြွားလို့ ဆော့ခဲ့ဖူးတာ။ မမှီလိုက်တဲ့ ကလေးတွေ ဂိမ်းစက်ပုံ ကြည့်ချင်ရင် ဒီမှာ။ အဲဒီကောင် ပြီးတော့ Super Famicon ခေတ်။ မာရီယို ရန်ဘို စတားဝါး စတဲ့ဂိမ်းတွေ အသည်းစွဲပေါ့။ အပေါ်နှစ်ခါ အောက်နှစ်ခါ ဘယ်ညာ ဘယ်ညာ A B ကို မှတ်မိသေးတဲ့သူ ရှိနိုင်ပါသေးရဲ့ :) ။ အဲဒီအချိန်က ဂိမ်းစက် ငှားတဲ့ ဆိုင်တွေ ရှိတယ်။ တစ်နာရီကို ဘယ်လောက် စသဖြင့်ပေါ့။ မှတ်မှတ်ရရ နေမကောင်းဖြစ်နေတာတောင် သူငယ်ချင်း ငှားလာပေးတဲ့ မာရီယိုဂိမ်း တစ်နာရီ ဆော့လိုက်တာ ပျောက်သွားဖူးတယ်။ အဲဒီနောက်ပိုင်းမှာတော့ Super Nintendo စက်တွေ ခေတ်စားလာတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ဂိမ်းဆိုင်တောင် ဖွင့်လိုက်ကြသေးတယ်။ မကြာပါဘူး… ပြုတ်တာပါပဲ။ ဆိုင်မှာ ဂိမ်းလာဆော့ကြတာ ပိုက်ဆံမရတဲ့ သူငယ်ချင်းတွေကြီးပဲ။ ခေတ်အစားဆုံး ဂိမ်းကတော့ Winning Eleven ။ မြန်မာပြည်မှာ ဘော်လုံးပရိတ်သတ်က တယ်များတာကိုး။ အပြင်မှာ မကန်တတ်တိုင်း အသေအကြေ ကန်ကြတယ်။ အဲဒီဂိမ်းရဲ့ အောင်မြင်မှုက နောက်မျိုးဆက် Sony PlayStation အထိကို လူကြိုက်အများဆုံးပါပဲ။ ကျွန်တော်တို့ သူငယ်ချင်း အုပ်စုလဲ မကြီးမငယ်နဲ့ ညနေတိုင်း ဂိမ်းဆိုင်ကိုသွားကြ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ကန်ရင်း အော်ကြဟစ်ကြ လေထွားကြ နဲ့ ပျော်စရာ အရမ်းကောင်းတာ။ အုပ်စုမှာ ချာတူးလန်ဆုံးက ဟို ကဗျာဆရာလေ :P ။ အဲဒီနောက်ပိုင်းမှာတော့ ဂိမ်းနဲ့ ဝေးကွာသွားလိုက်တာ အတော့်ကို ကြာသွားခဲ့တယ်။ အခုခေတ်စားနေတဲ့ PlayStation2 ဆိုတာကို ကောင်းကောင်းတောင် မဆော့ဖူးတော့ပါဘူး။ တီဗီဂိမ်းအစား စွဲလန်းစရာ အင်တာနက် ဆိုတာကြီး ပေါ်လာတယ်လေ။

အခုတစ်လော စိတ်ညစ်စရာတွေများလွန်းလို့ စိတ်ပြေလက်ပျောက် ဂိမ်းဆော့ရင်ကောင်းမလား စိတ်ကူးနေတုန်း ညီငယ်တစ်ယာက်က Online Game တဲ့။ ဆော့ကြည့်ပါ ပျော်ဖို့ကောင်းတယ်တဲ့။ အွန်လိုင်းဂိမ်း ဆိုတော့ ပိုက်ဆံပေးရမှာပေါ့ ဆိုတော့ ဖရီးတဲ့ ဒေါင်းလုပ်ချပြီး ဆော့ယုံပဲတဲ့။ ဂိမ်းထဲက ပိုက်ဆံကို အပြင်မှာတောင် ရောင်းစားလို့ရသေးတယ်ဆိုတော့ ဟုတ်ပြီ… စမ်းကြည့်မယ်လေ ဆိုပြီး စမ်းလိုက်မိတာ…….. ဒီတစ်လလုံးလုံး ဂိမ်းမှဂိမ်းပဲ ဖြစ်သွားတော့တာပါပဲ။ ဂိမ်းထဲကပိုက်ဆံကို အပြင်မှာ ရောင်းစားလို့ရမရတော့ မသိဘူး။ ဂိမ်းထဲကို ၀င်သွားတဲ့ အိတ်ကပ်ထဲက ပိုက်ဆံကတော့ မနည်းတော့ဘူး။ ဂိမ်းက ရိုးရိုးလေး ကားမောင်းတဲ့ဂိမ်းပါ။ Ray City တဲ့။ ဂိမ်းပုံစံက စစချင်း ကားခပ်စုတ်စုတ်လေး တစ်စီးပေးမယ်။ သူသတ်မှတ်ထားတဲ့ Quest တွေကို ဆော့မယ်။ ဆော့သူအချင်းချင်း ပါတီ ဖွဲ့ပြီး Quest တွေဖြေရှင်းမယ် အချင်းချင်းပြိုင်မောင်ကြမယ်။ အဲဒီမှာ ဂိမ်းပိုက်ဆံတွေရမယ် ပစ္စည်းတွေရမယ်။ အဲဒါတွေနဲ့ ကိုယ့်ကား ပိုမြန်အောင် ပိုလှအောင် ပစ္စည်းတွေ ၀ယ်ထည့်ရတယ်။ Level တတ်လာရင် ကားအသစ် အမိုက်စားတွေ လန်ထွက်နေတဲ့ ဒီဇိုင်းတွေ ၀ယ်လို့ရမယ်… ဒါလေးပဲ။ ဒါများ ပိုက်ဆံကုန်ခံ ဆော့ရသလား လို့ပြောကြမယ်။

အဲဒီ အွန်လိုင်းဂိမ်းတွေရဲ့ ဖရီးဆိုပြီး ပိုက်ဆံကို ဘယ်လိုညစ်ယူရမယ်ဆိုတဲ့ အိုင်ဒီယာတွေကို အတော်သဘောကျမိတယ်။ ဥပမာဗျာ… ကိုယ့်ကားကို ပိုလှဖို့ ပိုမြန်ဖို့ Car Body Parts တွေ ရှိတယ်။ 1 Set လုံး အပြည့်အစုံထည့်မှ ကားကပိုမြန်မယ်။ 1 Set မှာ Part 8 ခုရှိတယ် ဆိုရင် 6-7 ခုကို ဂိမ်းထဲမှာ ရှာလို့ရအောင် လုပ်ပေးထားတယ်။ နောက်ဆုံး တစ်ခု နှစ်ခုကိုတော့ တကယ့်ပိုက်ဆံနဲ့ ၀ယ်ပေတော့ပဲ။ ကျွန်တော်အပေါအ၀င် အများစုက ဒီတစ်ခုလေးပဲ လိုတော့တာကွာ ၀ယ်လိုက်ပါမယ်လေ ဆိုပြီး ၀ယ်ဖြစ်သွားကြတာပဲ။ ဒါတင်မကသေးဘူး ဈေးကို ပေါပေါလေးပဲ ပြထားပေးတယ်။ ပိုက်ဆံသွင်းပြီး ၀ယ်မယ်လို့ နှိပ်လိုက်မှ အဲဒါ တစ်ပါတ် အငှားသုံးတဲ့ ဈေးတဲ့။ အပြီးဝယ်ချင်တယ်ဆိုရင် ဈေးက 4-5 ဆ ပိုယူမယ်။ အဲဒီတော့ ပိုက်ဆံ ထပ်ထည့် :( ။ ကားအလှဆင်တဲ့ စတစ်ကာတွေ ရှိသေးတယ်။ ဒီဇိုင်းလှလှတွေဆိုရင် တကယ့်ပိုက်ဆံနဲ့မှ ရောင်းတယ် အဲဒါနဲ့တင်မပြီးသေးဘူး စတစ်ကာ ရဲ့ ကာလာ မှာ စကားပြောပြန်တယ်။ စတစ်ကာ ကတော့ လှပါရဲ့ ကိုယ့်ကားရဲ့ အရောင်နဲ့ မလိုက်ပြန်ဘူး။ အဲဒါဆိုရင် ကား အရောင် သို့မဟုတ် စတစ်ကာ ရဲ့ အရောင်ကို ချိန်းပေတော့ အဲဒီ အရောင်တွေလဲ ပိုက်ပိုက် သွင်းပြီးဝယ်။ ပိုက်ဆံကို ရအောင် ညှစ်ယူတဲ့ နည်းတွေ အများကြီးကျန်သေးတယ်။

ဂိမ်းထဲကို ပိုက်ဆံထည့်ဖို့လား… မပူနဲ့ အရမ်းအရမ်းလွယ်အောင် စီစဉ်ပေးထားတယ်။ မြန်မာပြည်က ကွမ်းယာဆိုင်တွေလိုပေါတဲ့ 7Eleven ဆိုင်တွေမှာ လွယ်လွယ်ဝယ်လို့ရတယ်။ Internet ဆိုင်တွေကိုလဲ အခွင့်အရေးတွေ ပေးထားပြီး သူတို့ဂိမ်း ကစားအောင် စွဲဆောင်စေတယ်။ သူတို့ဆီမှာလဲ ၀ယ်လို့ရတယ်။ ဒါတင်မကသေးဘူး Mobile Prepaid ဖုန်း မှာ ထည့်တဲ့ ပိုက်ဆံကိုလဲ ဂိမ်းထဲထည့်ကစားလို့ရသေးတယ်။ ပြိုင်ပွဲတွေလုပ်ပြီး ဆုကြေး ကျပ်သန်းဂဏန်းပေးတယ်။ ပြောလို့ကုန်မှာတောင် မဟုတ်ဘူး။ ဂိမ်းထဲက ရှားပါး Car Engine တစ်ခုကို အပြင်မှာ ကျပ်တစ်သိန်းကျော် အထိ တကယ် အရောင်းအ၀ယ် ဖြစ်တယ်။ ရှားပါး အလွိုင်းဘီး တစ်ခုရဲ့ ပေါက်ဈေး ငါးသောင်းကျော်တယ်။ ကျပ်ထောင်ဂဏန်း သောင်းဂဏန်း အရောင်းသွက် ပစ္စည်းတွေကတော့ အများကြီး။ အွန်လိုင်းဂိမ်း ကစားပြီး တကယ့်အသက်မွေးဝမ်းကြောင်း စီးပွားရေးအဖြစ် လုပ်နေတဲ့ လူတွေတောင်ရှိတယ်။ ဂိမ်းပိုက်ဆံရောင်းတဲ့ Website တစ်ခုက တစ်လအတွင်း ၀ယ်တဲ့ ဖေါက်သည်တွေရဲ့ List မှာ အများဆုံး ၀ယ်တဲ့သူက ကျပ်နှစ်ဆယ့်ငါးသိန်း ပါတဲ့။ သူတို့မှ သူဌေးမဖြစ်ရင် ဘယ်သူဖြစ်မလဲ မသိဘူး။

ဘာပဲဖြစ်ဖြစ် မောင်သင်္ကြန်တစ်ယောက် လောလောဆယ် ဘလော့ဂ်လဲ မရေးဘူး။ ဝေါ့ပရက်စ် လဲ မသိဘူး။ ချက်တင်းလဲ မထိုင်ဘူး။ (ဟီး… တစ်ယောက်ကတော့ ခြွင်းချက်) ။ အွန်လိုင်းဂိမ်း ပဲဆော့နေပါတယ်ခင်ဗျာ…………………………………………။


ဂိမ်းထဲက ကျွန်တော့်ရဲ့ကား။ ဒါမျိုးကားလေး တစ်ခါလောက်တော့ တကယ် မောင်းဖူးချင်စမ်းပါရဲ့ :)

  1. ဒီကလေးကလည်း အခုမှနို့ပြတ်ခါစကို.. ဂီမ်းပဲထိုင်ဆော့နေတော့တာပဲ.. အစားသောက်လေးမှန်မှန်စားနော်.. တော်ကြာဟဲဟဲ… အထင်တွေမှားကုန်မယ်… ရှုပ်တော့ဘူး အာစရိရေ ဖြေးဖြေးမှန်မှန်ပြန်ဖြစ်တော့မယ်.. ခုတော့ နည်းနည်း ဘလော့ဘက်ပြန်လှည့်လာပြီ

  2. ဆြာ…ဘာတွေညစ် တပည့်မရှိတော့ ပျင်းနေပြီလား :P ခြွင်းချက်က ကြော်ငြာတယ်လား သိပ်မကြွားနဲ့  ဆောင်းရောက်တော့ အနာဟောင်းကပြန်ထတယ် ဟဟားး

  3. ငယ်ငယ်တုန်းက ခြောက်တန်း(ဒုတိယနှစ်လားမသိ၊ အရေးအခင်းအပြီး) ကိုသင်္ကြန်ဆီ စတားဝါး လျှို့ဝှက်ချက် သွားတောင်းမိတာ သတိရပါရဲ့။ သူကတော့ သတိရလားမရလား မသိ။ အဲဒီတုန်းက လျှို့ဝှက်ချက်တွေကလဲ တစ်ယောက်တစ်ယောက် မပြောကြဘူးလေ။ လျှို့ဝှက်ချက်ချင်း လဲတာတောင် ရှိသေး။ သူကတော့ မလျှိုတတ်ဘူးဗျ။ ငယ်ငယ်ကတည်းက :) ဂိမ်းခွေငှားခ တစ်နာရီငါးကျပ်၊ စက်တော့ မေ့သွားပြီ။ စက်က တစ်နေ့လုံး ငှားရတာမျိုး ထင်တာပဲ။ တစ်ရှိုးပေါ့ဗျာ။

  4. ဆရာသမား ဒါကြောင့် ပျောက်ခြင်းမလှပျောက်နေတာကိုး။ WP 2.7 အကြောင်းလေး ဘာလေး နဲနဲပါးပါးများ ရေးမလားလို့။ :D

    အဲဒီ အွန်လိုင်း Game တွေနဲ့ပတ်သက်လို့ ပြောရလို့ကတော့ ပြောမဆုံး ပေါင်၊ တောသုံးတောင်ပဲဗျာ။ မြန်မာပြည်က သိုင်းဝတ္ထုရေးတဲ့ ဆရာဝဏ္ဏအောင် တို့ ဘာတို့ သိရင် ရင်ကျိုးပြီး ငိုမလားပဲ။ အခု ဆရာသင်္ကြန်တို့ ကစားနေတဲ့ ကားဂိမ်းလိုပဲလေ တခြား တရုတ်သိုင်းဂိုဏ်း ဂိမ်းတွေ ရှိသေး၏။ HeroOnline တို့၊ 9Dragons တို့ ဆိုတာတွေပေါ့။ Divine Power ဝတ်စုံတွေ၊ ဂျင်ဆင်းမြစ်တွေ၊ ခရမ်းရောင်ဓားတွေ… အပြင်က တစ်ကယ့် ပစ္စည်းအစစ်ထက်တောင် ဈေးက ကြီးနေသေးတယ်ဗျို့။ စိတ္တဇ နာမ်တွေနဲ့ အလုပ်ဖြစ်နေကြပုံ ပြောပါတယ်။ :)

    အပေါ်မှာ ဆရာ သင်္ကြန်ပြောသလိုပဲ အဲဒီ ဂိမ်းဆိုဒ်ရေးတဲ့ သူတွေမှ ဒီနေ့ မချမ်းသာရင် ဘယ်သူတွေ ချမ်းသာတော့ဦးမလဲဗျာ။ ဟုတ်တယ်ဟုတ်လား။ အိုင်ဒီယာတွေကတော့ လေးစားဖွယ်ပဲဗျ။ :)

  5. [...] ရေးဖြစ်သွားတယ်။ ဆရာသမား ဖြစ်တဲ့ ကိုသင်္ကြန်ကြီး ကလည်း ဂိမ်းကစား နေတယ် ဆိုလို့ပါ။ [...]

  6. လေးမလည်း ရမ်ဘို ကိုမှီလိုက်တယ်. မာရီယိုတော့မကြိုက်ဘူး.။ ရမ်ဘိုက ကိုအတာပြောတဲ့အတိုင်း နှိပ်လိုက်ရင် အကောင် ၃၀ တောင်ရတာကိုး.. နောက်ဆုံး ရမ်ဘိုတို့  ကျွန်းကြီးကို ဖောက်ခွဲပြီး ပုစဉ်းကြီးနဲ့  ပြန်သွားတာကိုကြည့်ပြီး အရသာခံခဲ့ရတာ..။
    အွန်လိုင်းဂိမ်းကတော့ crunchgames ကနေ free trial တွေ ဆော့တယ်.။
    ခု တလော သဘောတွေ့ နေတာတော့ အွန်လိုင်းတော့ မဟုတ်ဘူး..။ The Sims 2. အနိုင်အရှုံးမရှိတဲ့ ဂိမ်း..။ လူ့ ဘ၀ကို ဂိမ်းထဲထည့်ထားတယ်..။ ပျင်းစရာလို့  ထင်ရပေမယ့် အရမ်းကို မိုက်တာ..။
    ကိုအတာကြီးကတော့ ကားအပျံစားလေးနဲ့  မြို့ ပတ်နေတာပေါ့နော်..။ လေးမကတော့ တက္ကသိုလ်တက်ပြီး ရည်းစားနဲ့  စကိတ်ကွင်း သွားနေတယ်.. ဂိမ်းထဲမှာ ပြောတာပါ..။ :P

  7. ကျွန်တော် ယူရို ၂ သန်း ထီပေါက်ရင် ပေး မောင်း မယ်။ ဆုတောင်းထား … လောလောဆယ်တော့ … ကျွန်တော်သား မောင်းတဲ့ကားက သူ ဆော့တာ ပျက်နေလို့ ဂိုထောင်ထဲ ရောက် နေတယ်။ လိုချင်လာယူ၊ အပိုင်ပေးမယ် မဌားဘူး၊။ထီတော့ အာရုံမရ လို့ မထိုး တာ ကြာပြီ :) ……. လာဖတ် သွားတယ် …… :)