2010
03.23

ဒီတောင်ရိုး
ကျားဆိုးပေါရဲ့။

မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့….ကြည်အောင်

ဟိုတောင်တရိုး
မှိုမျိုးပေါရဲ့။

မောင့်အချစ်
ကျားဖမ်းလိုက်ခဲ့ ။ ။

ညိုထက်ညို

2010
03.17

မပြောလိုက်ရတဲ့ စကားတွေ
မရေးဖြစ်တဲ့ စာတွေ
မသိခဲ့ရတဲ့ စိတ်ကူးတွေ
မမက်ဖြစ်သေးတဲ့ အိပ်မက်တွေ
မသွားခဲ့ ရတဲ့ လမ်းတွေ

အားလုံး အားလုံး အစအဆုံးဟာ
နှလုံး ခုန်သံ နှစ်ချက် အတွင်းမှာ ရှိတယ်။

မနက်ခင်းတစ်ခုကို ဝေမျှမယ်
ကော်ဖီတစ်ခွက်ကို ဝေမျှမယ်
အိမ်တစ်လုံးကို ဝေမျှမယ်
ဘ၀တစ်ခုကို ဝေမျှမယ်
အိပ်မက်တစ်ခုကို ဝေမျှမယ်

အားလုံး အားလုံး အစအဆုံးဟာ
ဘ၀နှစ်ခု အတွင်းမှာ ရှိမယ်။

ခိုင်မာတဲ့ နားလည်မှုတွေ
သန့်စင်တဲ့ချစ်ခြင်းတွေ
ကိုယ်ကျိုးမဖက်တဲ့ ကာကွယ်မှုတွေ
ထပ်တူဖြစ်တဲ့ သိမြင်ခြင်းတွေ

အားလုံး အားလုံး အစအဆုံးဟာ
လူနှစ်ဦး ကြားမှာ ရှိတယ်။

နှလုံးခုန်သံ နှစ်ချက်
ဘ၀ နှစ်ခု
လူနှစ်ဦးကြားမှာ
ဆောင်းမီးဖိုလေးရှိမယ်။

အိပ်မက်ကုန်သည်

2010
03.14

၂၀၁၀ မမ

တောင်တက်နှေးပေမယ့်
ဆိုးဆေးတွေ ပါဝင်ခဲ့ရပါတယ်
မရယ်ပါနဲ့ မမရယ် ။ ။

ညိုထက်ညို

2010
03.01

ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်း ကျောင်းသားကျောင်းသူများ ကောင်းမှု။
အဖူးအငုံ၊ ပွင့်ရုံ ပွင့်ချပ်
ပွင့်ဖတ်ညှိုးရော်၊ သော်ကဇီဇဝါ
စကြာ၊ ပုဏ္ဍရိတ်၊ သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့ သူ့အတွက်လေ။
ဖိနပ်မဲ့ ခြေဖဝါး၊ မေးခိုင်ပိုးစားခြင်း
ထင်းရှူးသားသေတ္တာ၊ လဲလျောင်းစရာ။
သွားပေဦးတော့ကွယ်
ဘုန်းကြီးအိုတစ်ပါးထံ၊ ဝတ္ထုငွေငါးကျပ်နှံအပ်
သရဏဂုံဆည်းကပ်လေ၊ ကောင်းရာဘုံဘဝရောက်
ပါစေ။
အမိကိုကူ၊ အဖကိုကူ
အပူမျှယူ၊ ခဲတံမဲ့သူ
စာအုပ်မဲ့သူ၊ မုန့်ဖိုးမဲ့သူ
အလှူငွေမထည့်နိုင်သူ
အပူအားလုံး ငြိမ်းပေါ့။
သေတ္တာဖုံးရိုက်ပိတ်၊ လျှာအဆိပ်သင့်
ရင်နင့်နေခိုက်၊ ရှိုက်သံတစ်ချက်…တစ်ချက်
“သံစူးသတဲ့ တော်တို့ရေ”
အကြော်သည် အမေ မြေလူးလေရဲ့။
စာသင်ခန်းမ၊ နောက်ဆုံးကခုံနေရာ
လစ်ဟာနေမှာ
ကျောင်းခေါ်ချိန်စာရင်း
မင်းနာမည် ကျော်ဖတ်ရတော့မှာ…
လေ့ကျင့်ခန်းစာအုပ်
တစ်အုပ်လျော့သွားမှာ…
ခုံပေါ်မတ်မတ်၊ ရပ်ရမယ့်ပြစ်ဒဏ်
မင်းဝိညာဉ် မခံစားစေတော့
သင်သွားလိုရာ သွားနိုင်သည်
မကြားဝံ့ဝံ့၊ နှုတ်ဆွံ့ရှိုက်ငင်
တစပြင်အထွက် နှောင့်ယှက်ဆဲအသံတွေ
မနက်ဖြန်မနက်၊ ကျောင်းအတက်မှာ
ဆရာမလက်၊ ခေါင်းလောင်း အထိုးခက်ပေလိမ့် ။ ။

မအိ
တေးကဗျာ (သြဂုတ်၊၀၂၊ ကျောက်ထက်အက္ခရာများ ဆောင်းပါးမှ)

2010
02.17

မိုးရွာတယ် နေပူတယ် ဒီလိုပဲ တစ်လှည့်စီ
ဒီအတိုင်း နေခဲ့ရင်ကောင်းသား ပြောတော့
လိင်မခွဲခြားရဘူး၊ ကျောသားရင်သား မခွဲခြားရဘူး
ခက်တာက မီးပွိုင့်တွေတောင် သရိုးသရီ ဖြစ်နေမှတော့
ငါ့စကားလဲ ဘယ်တာသွားတော့မလဲ ယွန်းပိုးဖြူ
မြူတွေဆိုင်းနေပြီ ဟုတ်လား၊ အေး ဒီမှာတော့ နွေရာသီ
ငါ့မှာတော့ တိုရေရှားရေပဲ မင်းကောဘယ့်နှယ်လဲ
မေ့ဖို့အချိန်တွေ လုံလုံလောက်လောက်ပဲလား
ဒီလိုပဲ သိမ်သိမ်ငယ်ငယ် ဥခွံပါးပါး
အမှုမဲ့အမှတ်မဲ့မှုတွေ တောင်ပုံရာပုံ
မင်း တစ်ရက်တစ်ရက် ချဉ်ငန်စပ် မစားဘဲ မနေနိုင်သလို
ငါလဲ တစ်ရက်တစ်ရက် မောင်ချောနွယ်မဖတ်ဘဲ ဘယ်နေနိုင်ပါ့မလဲ
ခက်တာက ဝထကလသ ကတည်းက အသံထွက်မှားခဲ့ကြ
ဒီအချိန်ကျမှ အုတ်မြစ်ကို အဘယ်ပုံအဘယ်နည်း
ဘယ်သူတွေ ဘယ်လို မြင်သလဲ ပြောစမ်းပါ
လိင်မှုရေးရာ
အပြာစာအုပ်တွေဟာ လူကြိုက်များမယ် မဟုတ်လားကွာ
ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်
ထုံးရယ် သဲရယ် ဘိလပ်မြေရယ်
ဒီလို ဖော်မြူလာအတိအကျ ဘယ်ရှိမလဲ
မင်းလဲ မင်းနည်း ငါလဲ ငါ့ဟန်နဲ့
ကိုယ့်သွေးသားကိုယ် အဖုံဖုံအနည်းနည်း ဖြေကြဖျောက်ကြရုံ
ဘယ်လိုလဲ ဒီလိုပြောတော့ ရိုင်းလား ဒါမှမဟုတ် စက်ဆုပ်ဖွယ်ရာလား
လောင်စာရှိသမျှ လောင်ကျွမ်းရမှာပဲ
ခက်တာက တို့တွေ ဘယ်နေ့နီးမှာလဲ ။ ။

ညိုထက်ညို